ဂေါက်ရိုက်တာရဲ့နောက်ဆက်တွဲ တံတောင်ဆစ်ရောင်ရောဂါက ဂေါက်ရိုက်တဲ့သူတိုင်း ခံစားရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂေါက်ရိုက်တဲ့အချိန်မှာအသုံးပြုရတဲ့ (Swing)လွှဲအားကြောင့် ဒီရောဂါအဓိက ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် လက်ဖျံကြွက်သားတွေက တံတောင်ဆစ်အရိုးမှာ တွယ်ဆက်ထားတဲ့အတွက် လက်ဖျံကြွက်သားအားပြုလှုပ်ရှားရတိုင်း အရိုးနဲ့အကြော တွယ်ဆက်ထားတဲ့ နေရာမှာဒဏ် ဖြစ်လာပါတယ်။
👉 တံတောင်ဆစ်ရဲ့ ဘယ်အပိုင်းမှာ အဓိကဖြစ်တာလဲ ? ဘယ်လိုမျိုး ဖြစ်တာလဲ ?
အဓိကအားဖြင့်တော့ တံတောင်ဆစ်ရဲ့အတွင်းဘက် အရိုးဖုငယ် (Medial Epicondyle) မှာ ရောဂါစဖြစ်ပါတယ်။ အရွတ်ကြောဆိုတာ လှုပ်ရှားမှုကို ဆောင်ရွက်ပေးတဲ့ ကြွက်သားနဲ့ အရိုးကို တွယ်ဆက်ပေးထားတဲ့ ကြားခံတစ်ခုဖြစ်ပါတယ်။ အရွတ်ကြောတွေကို (Collagen) လို့ခေါ်တဲ့ တစ်သျှူးမျှင်လေးတွေနဲ့ ပြုလုပ်ထားပြီး ကြွက်သားလှုပ်ရှားမှု ပြုတိုင်း ၎င်းတစ်သျှူး မျှင်တွေ အပေါ်မှာ တင်းအား (Tension stress) တစ်ခု ဖြစ်လာပါတယ်။ လက်ရဲ့လှုပ်ရှားမှု ဒဏ်ပမာဏ အပေါ်မူတည်ပြီး ၎င်းအမျှင်လေးတွေ ရောင်ရမ်းကာစုတ်ပြဲပြီး အမာရွတ်ဖြစ်ရာ ကတစ်ဆင့် အရွတ်အားနည်းလာတာ စသဖြင့် ဖြစ်ပေါ်ရာက ဒီရောဂါရဲ့လက္ခဏာတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
👉 တံတောင်ဆစ်အရွတ်အမျှင်စုတ်ပြဲခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ ?
အဓိကအားဖြင့် တံတောင်ဆစ် အတွင်းပိုင်းကနေပြီး နာလာမယ်၊ တဖြည်းဖြည်းနဲ့ နာကျင်မှုက လက်ဖျံတစ်လျှောက် ဆင်းလာတတ်ပါတယ်။ လက်ကောက်ဝတ်ကွေးတဲ့အချိန်၊ လက်ဖျံ လှည့်တဲ့ အချိန်နဲ့ အထူးသဖြင့် အရာဝတ္ထုတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်တာမျိုးလုပ်တဲ့ အချိန်တွေမှာ နာကျင်မှုက ပိုပြီးသိသာထင်ရှား လာတတ်ပါတယ်။ ပစ္စည်းတွေကို ကိုင်တွယ်တဲ့ အချိန်တွေမှာ အားမရှိသလို ဖြစ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
✅ ဒီလိုမျိုးရောဂါအတွက် ရောဂါအခြေအနေနဲ့ ပြင်းထန်မှုအဆင့်တွေပေါ်မူတည်ပြီး
– အကိုက်အခဲသောက်ဆေးများ သောက်ခြင်း
– စတီးရွိုက် ဆေးထိုးခြင်း
– ခွဲစိတ်ကုသမှု ခံယူခြင်း တို့အပြင်
-အရိုး၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန တို့တွင် လေ့ကျင့်ခန်းကုထုံးများဖြင့် ကုသခြင်း စတဲ့နည်းလမ်းများနဲ့ ပြန်လည်သက်သာအောင် ကုသနိုင်ပါတယ်။