emergency contact

+959 796 188 100

မိခင်တိုင်း သိထားသင့်တဲ့ ကလေးဖြည့်စွက်စာအကြောင်း (၈) ချက်

Tuesday 02, 2024
✅ဖြည့်စွက်စာဆိုတာ ဘာလဲ ?
အသက် (၆)လပြည့်ပြီးသား ကလေးတွေကို မိခင်နို့အပြင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာရရှိစေဖို့ အစားအစာများကို နည်းစနစ်မှန်မှန်၊ ပမာဏမှန်မှန် ကျွေးမွေးခြင်းဖြစ်ပါတယ်။
✅ဘာကြောင့် ဖြည့်စွက်စာ တိုက်ကျွေးဖို့ လိုတာလဲ ?
မိခင်နို့က ကလေးကြီးထွားမှုအတွက် လုံလောက်တဲ့ အာဟာရကို အပြည့်အဝမပေးနိုင်တာကြောင့် ဖြည့်စွက်စာကို တိုက်ကျွေးသင့်ပါတယ်။
✅ကလေးရဲ့အသက် ဘယ်လောက်ကနေစပြီး ကျွေးလို့ရလဲ ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်အရ အသက် (၆)လပြည့်ပြီးသား ကလေးငယ်တွေကနေစပြီး ကျွေးလို့ရပါပြီ။
✅ဖြည့်စွက်စာတွေမှာ ဘယ်လိုအာဟာရတွေ ပါရမလဲ?
4 Star Diet လို့ခေါ်တဲ့ အစာအုပ်စု (၄)စု ဖြစ်တဲ့
၁.ဆန်၊ ဂျုံ၊ ပြောင်း
၂.အသား၊ ငါး
၃.ပဲအမျိုးမျိုး
၄.ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ များကို
အုပ်စု(၄)စုလုံး မျှတအောင် ကျွေးဖို့ လိုအပ်ပါတယ်။
✅ဖြည့်စွက်စာ တိုက်ကျွေးနေစဉ် မိခင်နို့တိုက်ခြင်းကို ရပ်လိုက်သင့်လား ?
မိခင်နို့တိုက်ခြင်းကို မရပ်လိုက်သင့်ပါဘူး။ မိခင်နို့ကို ကလေးအား တစ်နေ့ အနည်းဆုံး (၈)ကြိမ်ခန့် တိုက်ကျွေးသင့်ပါတယ်။
✅ဖြည့်စွက်စာကျွေးဖို့ ကလေးငယ်တွေက ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရမလဲ ?
-ခေါင်းကို ကောင်းကောင်းထောင်မတ်နိုင်ခြင်း
-ဘေးက အထိန်းမပါဘဲ ကောင်းကောင်းထိုင်နိုင်ခြင်း
-အစာပြွန်မှ အစာကို ကောင်းကောင်းမြိုချနိုင်ခြင်း
ဒီအချက် (၃) ချက်နဲ့ ကိုက်ညီရင် ဖြည့်စွက်စာ ကျွေးလို့ရပါပြီ။
✅ဖြည့်စွက်စာကို ဘယ်လိုစကျွေးရမှာလဲ ?
Unicef Myanmar ရဲ့ ရည်ညွှန်းချက်အရ “Single Ingredient” လို့ခေါ်တဲ့ အစာတစ်မျိုးချင်းစီပဲ စကျွေးရပါမယ်။
✅ဘယ်အသက်အရွယ်မှာ ဖြည့်စွက်စာ ဘယ်လောက်ထိ ကျွေးလို့ရလဲ ?
▪️အသက်(၆)လမှာ ထမင်းချည်းသက်သက်ကို ထမင်းစားဇွန်း (၂)ဇွန်းခန့်စီ မနက်၊ နေ့လည်၊ ည (၃)ကြိမ် ကျွေးလို့ရပါတယ်။
▪️အသက်(၇)လကနေ (၉)လအတွင်းမှာ ထမင်းကို တရုတ်ထမင်းပန်းကန်လုံး တစ်ဝက်ခန့်စီ မနက်၊ နေ့လည်၊ ည (၃)ကြိမ် ကျွေးလို့ရပါတယ်။
ဂေါ်ဖီ၊ ပြောင်းဖူး စတဲ့ ဟင်းသီးဟင်းရွက်နဲ့ သရက်သီးအမှည့်ကို ကျေညက်အောင်ချေပြီး အဆာပြေမုန့်အနေနဲ့ ကျွေးလို့ရပါပြီ။
▪️အသက်(၉)လကနေ (၁၂)လအတွင်းမှာ ထမင်းအပြင် အသား၊ ကိုက်လန်၊ အာလူးတွေကိုပါ စကျွေးလို့ရပြီး တရုတ်ထမင်းပန်းကန်လုံး တစ်လုံးခန့်စီ မနက်၊ နေ့လည်၊ ည (၃)ကြိမ် ကျွေးလို့ရပါတယ်။
ဒီအသက်အရွယ်မှာ Figure Food လို့ခေါ်တဲ့ သရက်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ထောပတ်သီး စတဲ့ အသီးတွေကို လက်မဝက်ခန့်အရွယ်တုံးပြီး ကလေးရဲ့လက်နဲ့ ကလေးကိုယ်တိုင် ကိုင်စားစေရပါမယ်။
ဒီလို စားခြင်းအားဖြင့် ကလေးရဲ့ လက်ချောင်းများ သန်စွမ်းမှု (Fine Motor Skill) ကို တိုးတက်စေပါတယ်။
▪️(၁)နှစ်ကျော်အရွယ်မှာတော့ မိသားစုတွေစားတဲ့အတိုင်း ထမင်း၊ ဟင်းများကို ကျွေးလို့ရပါပြီ။
💥ဒါပေမဲ့ ဒီအချက်တွေကို ဂရုစိုက်ရပါမယ်
•အရမ်းမာတဲ့အစာ မဖြစ်ရပါဘူး
•အသား၊ ငါးနဲ့ အသီးအရွက်တွေကို သေချာကျက်အောင် ချက်ပြုတ်ရပါမယ်
•ကလေးက အစာသေချာမစားရင် ကြားထဲမှာ မိခင်နို့တိုက်ကျွေးဖို့ လိုအပ်ပါတယ်
အစာအာဟာရပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး ယခုထက် ပိုမိုကောင်းမွန်သောအကြံဉာဏ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုများကိုရရှိဖို့အတွက်ဆိုရင် “မန္တလာဆေးရုံ” ရှိ အာဟာရဆရာဝန်များနှင့် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။