emergency contact

+959 796 188 100

မျိုးဥအိမ်ရေအိတ် (Ovarian Cyst) ဆိုတာဘာလဲ?

Tuesday 05, 2022

မျိုးဥအိမ်တွင် အရည်စုနေတဲ့အိတ်ရှိနေခြင်းကို မျိုးဥအိမ်ရေအိတ်လို့ ခေါ်ပါတယ်။

မျိုးဥအိမ်ရေအိတ်အမျိုးအစား အများကြီးရှိပါသည်။

ရိုးရိုးရေအိတ် (Functional or Simple Cyst)

အသက်ငယ်ငယ်အမျိုးသမီးတွေမှာ အဖြစ်များပါသည်။ အဓိကကြောင်းအရင်းမှာ မျိုးဥမကြွေပဲ မျိုးဥအရွယ်အစား ဆက်ကြီးသွားလို့ဖြစ်ပါသည်။ အရွယ်အစား 10 cm အောက် များပါသည်။ အများစုက ၃ -၄ လလောက်အတွင်း သေးပြီးပျောက်သွားတတ်ပါသည်။ မသေးပါက ကိုယ်ဝန်တားဆေး OC pills ၃လခန့် သောက်နိုင်ပါသည်။ ဆက်ရှိနေပါက အပ်ဖြင့်စုပ်ထုတ်ခြင်း (Ultrasound Guided Aspiration) ကို ထုံဆေးဖြင့် ပြုလုပ်နိုင်ပါသည်။ ဆေးရုံတက်စရာမလိုပါ။

Dermoid Cyst

ထိုရေအိတ်အလုံးမှာ ဆံပင်တွေ၊ သွားတွေ၊ အရေပြား မွေးညှင်းပေါက်တွေ၊ အဆီခဲ‌တွေ ပါတတ်ပါသည်။ အပင်းသွင်းခံရတယ်ဆိုတဲ့ အယူအဆရှိခဲ့ဖူးသလို ယနေ့ထိလဲ တစ်ချို့နေရာတွေမှာ ရှိနေစဲဖြစ်ပါသည်။ ဆေးသောက်ရုံနှင့် မပျောက်ကင်းနိုင်ပါ။ အလုံးထုတ်ဖို့လိုအပ်ပါသည်။ ကလေးယူဖို့အစီအစဉ်ရှိလျှင် မျိုးဥအိမ်တခုလုံးထုတ်ခြင်းထက် မျိုးဥအိမ်အလုံးသာထုတ်ခြင်းက ပိုသင့်လျှော်ပါသည်။ ဗိုက်မခွဲပဲ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း၊ လေဆာပစ်ခြင်းတို့လဲ ပြုလုပ်နိုင်ပါသည်။

သားဥအိမ်သွေးလုံး (Endometriotic Cyst)

အမျိုးသမီးများ ၏ သားအိမ်အတွင်းသားလေးကို Endometrium လို့ခေါ်ပါသည်။ တစ်လ တစ်ခါ သွေးဆင်းခြင်းသည် ထိုအလွှာကွာကျခြင်း ဖြစ်ပါသည်။ အချို့ အမျိုးသမီးများမှာ ထိုအလွှာလေးက သားအိမ်ရဲ့ အပြင်ဘက် သားဥအိမ်တို့၊ သားဥပြွန်တို့၊ သားအိမ်ခေါင်းတို့၊ အူတို့ဆီကို ရောက်သွားပါသည်။ အဲ့ဒီအခါ တစ်လတစ်ခါ ရာသီသွေးဆင်းသည့်အချိန်တွင် ထိုနေရာတွေကလည်း သွေးဆင်းပါတယ်။

အလွယ်ပြောရလျှင် သားအိမ်တစ်ရှူးတွေ နေရာမှားပြီး ရောက်သွားခြင်းဖြစ်ပါသည်။ သားဥအိမ်ကို ရောက်သွားလျှင် သားဥအိမ်သွေးလုံးတည်ခြင်းလို့ ခေါ်ပါတယ်။

အရွယ်အစားသေးပါက ဆေးဖြင့် အရွယ်အစားဆက်မကြီးအောင်ထိန်းထားနိုင်ပါသည်။ ဗိုက်မခွဲပဲ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း၊ လေဆာပစ်ခြင်းတို့လဲ ပြုလုပ်နိုင်ပါသည်။

သားဖွားမီးယပ်ရောဂါများ ပြသရန် လိုအပ်လာပါက မန္တလာဆေးရုံတွင် ကျွမ်းကျင် သားဖွားမီးယပ် အထူးကုဆရာဝန် နှင့် ပြသနိုင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲ အသင့်ရှိနေမှာ မန္တလာ”