emergency contact

+959 796 188 100

ရာသီဥတုပူပြင်းလာတာနဲ့အမျှ ကျန်းမာရေးကိုပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်

Tuesday 05, 2023

မြင့်မားလွန်းတဲ့အပူချိန်ကြောင့် ချွေးထွက်လွန်ပြီး အပူလျှပ်ခြင်းများအဖြစ်များကြသည့်အပြင် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အဆက်မပြတ်အန်နေခြင်း စတဲ့ အူရောင်ခြင်းလို့ခေါ်တဲ့ အထက်လှန်အောက်လျှောရောဂါများလည်း အဖြစ်များလာပါတယ်။

❓အထက်လှန်အောက်လျှောရောဂါဟာ ဘယ်လိုရောဂါမျိုးလဲ
အခုရက်ပိုင်းမှာ အဖြစ်များနေတဲ့အထက်လန်အောက်လျှောခြင်းဟာ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်တွေကြောင့် ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းတွေကိုဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်များညောင်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ရောဂါလက္ခဏာများလည်းခံစားရနိုင်ပါတယ်။

❗️အထက်လန်အောက်လျှောဖြစ်ပွားလာတဲ့အခါ လုပ်ဆောင်ပေးရမယ့်အချက်တွေကတော့

✅ အပင်ပန်းမခံဘဲ ကောင်းကောင်းအနားယူပြီး အစာကြေလွယ်တဲ့ အစားအစာတွေကိုပဲ ရွေးချယ်စားသုံးပေးရပါမယ်။

✅ ဝမ်းလျှောခြင်းနဲ့ အန်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ ရေနှင့်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ဓာတ်ဆားရေများများပြန်သောက်ပေးရပါမယ်။

✅ အထက်လန်အောက်လျှောရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာများတဲ့အတွက် မိမိသဘောနဲ့ မိမိပိုးသတ်ဆေးသောက်တာမျိုး မပြုလုပ်သင့်ဘဲ ဆရာဝန် ညွှန်ကြားချက်များဖြင့်သာ သောက်သုံးပါ။

✅ အထက်လန်အောက်လျှောရောဂါက တခြားသူများကို ကူးစက်လွယ်တာကြောင့် ရောဂါလက္ခဏာများ သက်သာပြီး (၄၈) နာရီ မပြည့်မချင်း လက်ကို မကြာခဏဆေးပေးရပါမယ်။ ရောဂါဖြစ်နေဆဲမှာ အပြင်ကို မသွားဘဲ အိမ်မှာပဲနားနေသင့်ပါတယ်။

⚠️ မူးဝေခြင်း၊ သတိလစ်သွားခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ဆီးမသွားတော့ခြင်း၊ အဖျား 38°C (100.4°F) ကျော်နေခြင်းတို့ဖြစ်ပေါ်လာပါက နီးစပ်ရာဆရာဝန်နဲ့အမြန်ဆုံး ပြသပေးရပါမယ်။

❓ဘယ်လိုကာကွယ်ရမလဲ

အထက်လှန်အောက်လျှောရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့

  • အခုလိုပူပြင်းတဲ့နွေရာသီမှာ အစာအစားများအထားမခံဘဲ ပုပ်သိုးလွယ်တာကြောင့် အစားအသောက်များသန့်ရှင်းလတ်ဆတ်ခြင်းရှိမရှိ သေချာဂရုစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။
  • အစားအစာတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ ပူပူနွေးနွေးစားခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။
  • ယင်နားစာများ၊ Expiry Date ကျော်လွန်သွားတဲ့ အစားအစာများကို လုံး၀မစားမိအောင် အထူးဂရုစိုက်ရပါမယ်။
  • လက်ကို မကြာခဏ ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အစားအစာများ မပြင်ဆင်ခင်၊ အစာမစားခင်နဲ့ အိမ်သာတက်ပြီးချိန်တွေမှာ ပိုပြီးဂရုစိုက်ဆေးကြောပေးရပါမယ်။

အထက်ပါ အချက်အလက်များအား လိုက်နာကျင့်ဆောင်ရင်း ရောဂါဖြစ်ပွားနေသူကို ဂရုတစိုက်စောင့်ရှောက်ပေးနိုင်မယ့်အပြင် မိမိကိုယ်တိုင်နဲ့ မိသားစု၊ မိတ်ဆွေတို့အတွက် အထက်လန်အောက်လျှောရောဂါကြီးမှ ကာကွယ်နိုင်စေရန် “မန္တလာဆေးရုံ” မှ ဖော်ပြပေးလိုက်ပါတယ်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အသင့်ရှိနေမှာ မန္တလာ”