emergency contact

+959 796 188 100

သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ

Monday 08, 2022

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များသော ရောဂါဖြစ်ပြီး အထူးသဖြင့် မေလ မှ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် အသက် ၅ နှစ် မှ ၁၄ နှစ်အတွင်း ကလေးငယ်များတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါပိုးဟာ ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါပိုးဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်သည် နေ့ခင်းဘက်တွင် ကိုက်လေ့ရှိပါသည်။ သန့်ရှင်းပြီး ရေစီးရေလာမရှိသည့် အိုင်များ၊ အဖုံးလုံအောင်ပိတ်မထားသည့် ရေကန်များမှာ ဥချ ပေါက်ပွားလေ့ရှိပါသည်။

ရောဂါလက္ခဏာများ

အဆင့်(၁)

  • အဖျားကြီးခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ် လက် ကိုက်ခဲခြင်း
  • နောက်ပိုင်းတွင် လက်မောင်း၊ ပေါင် အရေပြားပေါ်တွင် အနီစက်များ ထွက်လာခြင်း
  • အစားအသောက်ပျက်ခြင်း
  • အညိုရောင် အရည်များ အော့အန်ခြင်း
  • ဗိုက်နာခြင်း

အဆင့်(၂)

  • သွေးအန်ခြင်း
  • နှာခေါင်းသွေးယိုစီးခြင်း
  • သွေးဝမ်းသွားခြင်း

အဆင့်(၃)

  • လူနာ သွေးခုန်နှုန်း အားနည်းလာခြင်း
  • ခြေ၊ လက်များ အေးနေခြင်း
  • အသားအရည်ဖျော့တော့ပြီး မအီမသာဖြစ်ခြင်း

အဆင့်(၄)

  • သွေးပေါင်ချိန်တွေ တအားကျလာပြီး တိုင်းဖို့တောင်ခက်ခဲနေခြင်း

သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည့် ၂ ရက် မှ ၇ ရက်အတွင်းသည် အလွန်အရေးကြီးပါသည်။ ကုသမှုနောက်ကျပါက အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါသည်။

ကာကွယ်ရန်

  • ခြင်ကိုက်မခံရအောင်နေပါ။
  • ရေထည့်ထားသောနေရာများကို စနစ်တကျလုံအောင် ဖုံးအုပ်ခြင်း၊ စစ်ဆေးခြင်းများ အမြဲလုပ်ပါ။
  • ရေဆိုးမြောင်းများ၊ ရေဝပ်နေသောနေရာများကို သန့်ရှင်းရေးများ မကြာခဏလုပ်ပေးပါ။
  • အိပ်လျှင် ခြင်ထောင်နှင့်အမြဲအိပ်ပါ။

ဘယ်လိုကုသရမလဲ?

  • ရေများများသောက်ပါ။
  • မကြာခဏ ရေပတ်တိုက်ပေးပါ။
  • ပါရာစီတမော သောက်နိုင်ပါသည်။ (အက်စပရင်တို့ အိုင်ဗျူပရိုဖင်တို့ဟာ သွေးယိုစိမ့်မှု ဖြစ်ပွားနိုင်သည့် အတွက် မသောက်သင့်ပါ။)
  • လူနာကို သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာရှိသည်ဟု သံသယရှိသည်နှင့် စောစီးစွာ ဆေးကုသမှုခံယူစေခြင်းသည် လူနာအတွက် လုံခြုံစိတ်အချရဆုံး ဖြစ်ပါသည်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲ အသင့်ရှိနေမှာ မန္တလာ”